⭐ ဘုရားရှင်၏ တရားထိုင်နည်း လမ်းညွန် ⭐


တရားအားထုတ်ကြတဲ့အခါ
ထိုင်တဲ့နေရာကျတော့
သူ့သားသမီးတွေ မထိုင်တတ်မှာစိုးလို့တဲ့
ဘုရားရှင်က ထိုင်ပုံထိုင်နည်းလေးကို
ညွှန်ကြားထားသေးတယ်ဗျ ။
ဤသာသနာတော်မှာရှိသော သူတော်ကောင်းသည်
* တောတောင်ကိုသွား၍ဖြစ်စေ
* သစ်တစ်ပင်ရင်း ဝါးတစ်ပင်ရင်းကိုသွား၍ဖြစ်စေ
* လူသူတိတ်ဆိတ်တဲ့ ဆိတ်ငြိမ်ရာကို
သွားရောက်၍ဖြစ်စေတဲ့ ဟုတ်ကဲ့လားဗျာ
ဒါက တရားသမားနဲ့ သင့်လျော်တဲ့ သုံးဌာနကို
ညွှန်းထားတာ ။
ဒို့ လူမရှိတဲ့နေရာ အာရုံအတိုက်အစွဲမရှိတဲ့နေရာမှ
ဒို့ စိတ်ငြိမ်မှာပေါ့ ဟုတ်ကဲ့လား ။
အာရုံသည် စိတ်ကစားရာ ကစားကွက်မဟုတ်ဘူးလား ။
အဲ့တော့ ကစားကွက် မရှိတဲ့နေရာကို သွားပေးပါလို့
ဆိုလိုတယ်ဗျား ။
ကဲ အဲဒီနေရာရောက်တော့ ဘယ်လိုလုပ်ရမလဲဆိုရင်
* ခန္ဓာကိုယ်ရဲ့တစ်ဝက်အောက်ပိုင်းကို
ဖွဲ့ခွေပေးပါတဲ့ ။
* အထက်ပိုင်းကိုယ်လေးကိုတော့ ဖြောင့်ဖြောင့်လေး
ထား ပေးပါတဲ့ ။
ဒါဘုရားကိုယ်တိုင် ပြောသွားတဲ့နည်းပါ ။
အဲလိုထားပေးပြီးရင်
မိမိရှုလိုတဲ့ရှုကွက်ကို သတိလေးကို ရှေးရှုပြီး
တင်ပေးလိုက်ပါတဲ့ ။
နေရာသတ်မှတ်ပေးလိုက်တာထင်တယ် ။
သတိလေးကို နေရာချပေးလိုက်တာထင်တယ် ။
ဒို့ ယောဂီတွေကျတော့ ဘယ်မှာသတိရဲ့ ချထားတဲ့
နေရာတုန်းဆိုရင် နှာသီးဖျားလေးကို
သတိလေးကိုပို့လွှတ်ပေးပါ ။
အဲလိုပို့လွှတ်ပြီး နေထိုင်လိုက်ပါတဲ့ ။
ဒါ မဟာသတိပဋ္ဌာနသုတ်မှာ ဘုရားကိုယ်တိုင်
ထိုင်ခိုင်းတဲ့ထိုင်ပုံထိုင်နည်းပါပဲဗျာ ။
* အဲ့တော့ ဒို့ ဒါလေးကို ရှင်းကြစို့ ။
တရားထိုင်မယ့်ပုဂ္ဂိုလ်သည် မထိုင်ခင်တော့
မိမိတို့ဘာဝနာ ပရိကံခေါ်တာပေါ့လေ
ဘုရားအာရုံပြုခြင်း ဂါရဝပြုခြင်း ဒါတော့ရှိရလိမ့်မယ်
ထင်တယ် ။
အဲဒီဂါရဝပြုလိုက်တာက မာန်ချလိုက်တာထင်တယ် ။
ငါ ငါ့ဥစ္စာ ငါပိုင်တယ်ဆိုတဲ့ အဲဒီ တဏှာ မာန ဒိဋ္ဌိနဲ့
ကပ်နေတဲ့ မိမိစိတ်ကို မာန်ချလိုက်တာ ။
ဒါဂါရဝပြုတာထင်တယ်ဗျား ။
အဲလိုဂါရဝပြုပြီးရင် တရားအားထုတ်ဖို့ ပရိကံဆိုတဲ့
အခြေခံ ယူရပြီထင်တယ်ဗျာ ။
အဲ့တော့ အောက်ပိုင်းကိုယ်လေးကို
ထက်ဝက်ဖွဲ့ခွေပေးပါတဲ့ ။
ဒို့ အမျိုးသမီးယောဂီများကျ တစ်ဖက်တင်ပလ္လင်ခွေ
အမျိုးသားများကျ နှစ်ဖက်ပလ္လင်ခွေထင်တယ် ။
ဘုရားက ဒီလိုလုပ်ဆိုတိုင်း မပြီးနဲ့။
ကိုယ်ကိုယ်တိုင်သဘောပေါက်ဖို့ လိုသေးတယ်ထင်တယ် ။
ဘာဖြစ်လို့လဲဆိုတော့
#ကြာကြာထိုင်နိုင်အောင်လို့ဆိုတဲ့အဖြေလေး
ထုတ်ထားကြစမ်းပါ ။
ကာယဝိဝေကဆိုတဲ့ ကိုယ်ငြိမ်ချင်တာမဟုတ်ဘူးလားဗျ ။
ကိုယ်ငြိမ်မှ ကိုယ်မှီနေတဲ့စိတ်က ငြိမ်မှာမဟုတ်ဘူးလား ။
ပြေးရင်းနဲ့ ဒို့ယောဂီတွေရဲ့စိတ်က ငြိမ်မလား
( မငြိမ်ပါဘူးဘုရား )
သမာဓိဥာဏ်မရင့်သန်သေးတဲ့ယောဂီ မငြိမ်နိုင်ဘူးဗျ ။
သွားရင်းနဲ့ကော မငြိမ်နိုင်ဘူး ။
သွားတာကကော ကြာကြာသွားနိုင်မလား ။
( မသွားနိုင်ပါဘုရား )
ရပ်တာကကော ကြာကြာရပ်နိုင်မလား ။
( မရပ်နိုင်ပါဘုရား )
ထိုင်တော့ကော ဆောင့်ကြောင့်ထိုင်တော့ကော ကြာကြာ
ထိုင်နိုင်မလား ( မထိုင်နိုင်ပါဘုရား )
ဒါမှမဟုတ် မုဆိုးဒူးထောက်ကော ကြာကြာထိုင်နိုင်
မလား ( မထိုင်နိုင်ပါဘုရား )
ကြာကြာထိုင်နိုက်တာ ဒီ ဘုရားပေးတဲ့နည်း
ဘုရားပြောတဲ့နည်းသည်သာလျှင် ကြာကြာထိုင်နိုင်
မယ်ထင်တယ် ဟုတ်ကဲ့လား ။
ဘာဖြစ်လို့တုန်းဆိုရင်
အမျိုးသားများနဲ့ပြောရင် ရှေ့မှာ ခြေမျက်စိလေး၂ခု
ထောက်ထားတယ်ထင်တယ် ။
နောက်က တင်ပဆုံရိုး ၂ရိုးထင်တယ် ။
ဒို့အမျိုးသမီးယောဂီများကျ
နောက်မှာ ဖမိုးလေး၂ခု
နောက်ကတော့ တင်ပဆုံရိုး၂ရိုးပဲမို့လား ။
အဲ့တော့ ဒို့ ဒါ လေးချောင်းထောက်စားပွဲနဲ့
မတူဘူးလား ။
လေးချောင်းထောက်စားပွဲ လဲတယ်လို့ရှိလား
( မရှိပါဘုရား )
အေးဗျ ဒါဆို ဘုရားခိုင်းထားတဲ့နည်းက
ကြာကြာထိုင်နိုင်အောင်လို့ဆိုတာ
သဘောပေါက်ပြီနော် ။
ဘုရားခိုင်းတာ စည်းစနစ်ကျပါသဗျာ ။
ဘာလိုသေးတယ်လို့ကို ပြောစရာမရှိပေါင်ဗျာ ။
လောကီမှာ လောကီလိုလောကုတ္တရာမှာ လောကုတ္တရာလို သူ့နေရာလေးနဲ့သူစုံပါသဗျာ ။
ဒို့က မလိုက်နာတာပဲရှိပါတယ် ။
ဒါဖြင့် တင်ပလ္လင်ခွေရတာ ဘာဖြစ်လို့တုန်းမေးရင်
ကြာကြာထိုင်နိုင်အောင်လို့ အဲဒါ အသေမှတ်ထား
ဘယ်တော့ထိုင်ထိုင် ဘယ်နေရာမှာထိုင်ထိုင်
ဘယ်လိုနည်းနဲ့ထိုင်ထိုင် ဒီ ဘုရားခိုင်းတဲ့နည်းတော့
လွှတ်လို့မရဘူးထင်တယ် ။
* အဲဒီထိုင်တဲ့နေရာမှာတောင်
မဟာစည်ကျတော့ ဒီခြေထောက်တွေကို ဖိညှပ်ခေါက်ခွေးရင်
ရေရှည်မရမှာစိုးလို့ ညာဘက်ခြေထောက်လေးကို
ပိတ်ရုံပိတ်ထားရတယ် ထပ်မထားရဘူး ။
ထပ်ထားရင် ကြာလာရင် ခြေသလုံး၂ရိုးဟာ
ဝါးလုံး၂ခုပွတ်သလို ခံရတတ်တယ် ။
ထိုင်နေကျသွားရင်တော့ ကိစ္စမရှိဘူး ။
ဒါဖြင့် ဒို့ ထိုင်တဲ့ကာလကျ ဘယ်ကိုအထဲသွင်းပြီး
ညာနဲ့ပိတ်ထားတာထင်တယ် ။
အေး အဲလိုလေး ထိုင်ရသဗျ ။
#ဒါဖြင့် အောက်ပိုင်းထက်ဝက်ဖွဲ့ခွေထိုင်ခိုင်းတာ
ကြာကြာထိုင်နိုင်အောင်လို့ဆိုတာ
နံပါတ်တစ်မှတ်ခဲ့ကြပါ ။
#နောက်ထပ် အထက်ပိုင်းကိုယ်ကို ဖြောင့်ဖြောင့်
ထားပေးပါတဲ့ ။
ခါးဖြောင့်ဖြောင့်
ခေါင်းတည့်တည့်လေး ထားပေးပါတဲ့ ။
* ဒါလဲဘာဖြစ်လို့တုန်းဆိုရင် ခန္ဓာကိုယ်အလေးချိန်
ညီမျှအောင်လို့ဆိုတာ အဖြေပဲ ။ *
တကယ်လို့ ယောဂီတို့က ခါးရိုးကြီး ကုန်းထားမယ်ဆိုရင်
လေးယောက်ထမ်းရမယ့်ဝန်ကို
ရှေ့ကခြေမျက်စိလေး၂ခုက ထမ်းထားရမှာလေ ။
ဒါဆို ခြေမျက်စိ၂ခု ကြာကြာခံနိုင်ပါ့မလား ။
အလေးခ်ျိန်က ရှေ့များနေပြီကို
ခြေမျက်စိ၂ခု အရင်နာလိမ့်မယ် ခင်ဗျားတို့
ဟုတ်ကဲ့လား ။
ဟုတ်မဟုတ်တော့ စမ်းကြည့် ။
တကယ်လို့ ယောဂီတို့က ဝီရိယကြီးလွန်ပြီး
နောက်ပဒတ်ကော့ကြီးကော့ထားရင်ကော
နောက်တင်ပဆုံ၂ရိုး ဘယ်လိုနေမတုန်း ။
အဲဒါကိုတောပြော ပြောရင်တော့ လှည်းဦးပေါ့နေပြီဗျ ။
ရှေ့ကတော့ သက်သာမှာပေါ့ နောက်က မခံနိုင်ဘူးဗျ ။
လေးခုမျှထမ်းရမယ့်ကိစ္စလေ ။
ဒါကြောင့် နောက်ကိုလဲ ဝီရိယမလွန်ပါစေနဲ့။
ဝီရိယလိုလို့ လျော့ချလိုက်ရင်လဲ ခါးဆစ်ရိုး
ကျိုးသွားမှာထင်တယ် ။
ခါးဆစ်ရိုးကျိုးသွားရင် ရှေ့ကနာလိမ့်မယ် ။
နောက် ခေါင်းကဖြောင့်ဖြောင့်လေး ဟုတ်ကဲ့လား ။
ခေါင်းကတစ်ဖက်စောင်းကြီးနဲ့မှတ်ရင်လဲ
တစ်ဖက်အားများသွားမှာထင်တယ် ။
အားများသွားရင် အဲဒီဘက်ကစောစောနာလိမ့်မယ်
ဟုတ်ကဲ့လား ။
ယောဂီတို့ခေါင်းကြီးက တစ်ဖက်စောင်းနေရင်
စောင်းတဲ့ဘက်ခြမ်းက ရှေ့ခြေမျက်စိနဲ့
နောက်တင်ပဆုံရိုးနဲ့ ၂ဖက်နာသွားမှာပေါ့ ။
လေးဘက်ကိုးဗျ ။
အဲဒါကြောင့် ဘယ်ဘက်မှမယိမ်းရဘူး။
ပြီးတော့ နှာခေါင်းလေးကလဲ
စကတည်းက ခေါင်းတည့်တည့်လေးဗျ
အဲလိုမဟုတ်ပဲ စတည်းက နှာခေါင်းက အောက်စိုက်နေရင်
သတိက နှာသီးဖျားထိပ် ထားရမှာထင်တယ် ။
နှာသီးဖျားထိပ်ထားရင်းနဲ့ အားလွန်ပြီး အောက်မကျ
နိုင်ဘူးလား ။ နှာသီးဖျား သတိဆိုက်ရတာလေ
ဆိုက်ရင်းဆိုက်ရင်းနဲ့ ရှေ့စိုက်ကျသွားမှာပေါ့
ရှေ့မခံနိုင်ဘူး ။
တကယ်လို့ စထိုင်တည်းက နှာခေါင်းကြီး
အပေါ်လှန်ထားတော့ကော နှာသီးဖျားလိုက်ရင်း
လိုက်ရင်းနဲ့ နောက်လှန်သွားမှာပေါ့ ဟုတ်ကဲ့လားဗျာ ။
ဒါကြောင့်မို့ အထက်ပိုင်းကိုယ်ကို ဖြောင့်ဖြောင့်လေး
ထားပေးစမ်းပါ ဘာလို့တုန်းဆိုရင်
ခန္ဓာကိုယ်အလေးချိန် ညီမျှအောင်လို့ ။
ပြီးတော့ ဘယ်လက်ပေါ်ကိုညာလက်ကလေး
ထပ်ထားပါ ဟုတ်ကဲ့လားဗျာ ။
#ဒါလဲဘာဖြစ်လို့တုန်းလို့ မေးစရာမရှိဘူးလားဗျာ ။
ခန္ဓာကိုယ်တို့မည်သည် ရှေ့မှာယို့ကျတာများတယ် ။
နောက်လှန်တာနည်းတယ် ရှေ့ကြောဆွဲတာများတယ် ။
အဲ့တော့ ရှေ့ကြောဆွဲလို့ ယို့ကျလာရင်
သူသိအောင်လို့ ကျားထောက်အဖြစ်နဲ့ထားတာ ။
ဘယ်လက်ပေါ်ညာလက်လေးထပ်ထားပါဆိုတာ
ကျားထောက်အဖြစ် ကျားကန်အဖြစ်
ရှေ့ကိုယို့ကျမလာအောင်လို့ ဟုတ်ကဲ့လား ။
အဲ့တော့ ဒို့ဒီလိုလေး ဘယ်လက်ပေါ်
ညာလက်ထပ်ထားပြီးထိုင်ထားတယ် ယောဂီတို့က
ျခေါင်းမငြိမ်လို့ဖြစ်စေ နှာခေါင်းအောက်ကျသွားလို့ဖြစ်စေ
ရှေ့ဇောကြီးရင်းနဲ့မှတ်ရင်းမှတ်ရင်းနဲ့ ရှေ့အားများလာရင်
လက်မောင်းသားဟာ တင်းလာတတ်တယ် ။
ဟုတ်ကဲ့လား ။ ဒါလည်းယောဂီတို့က မသိဘူး ။
ပေမှတ်နေမယ်ဆိုရင် လက်ညှိုးကြီးက ထုံလာရော ။
တစ်ချို့ယောဂီများ လာလျှောက်တတ်တယ်
လက်ညှိုးကြီးကို တိုင်လုံးလောက်ရှိတယ်တဲ့ ။
သူကတော့ အကောင်းထင်ပြီး တရားတွေ့ပြီထင်တာ
ဘယ်ဟုတ်မတုန်းဗျ ။ အကြောတင်းနေတာ ။
အဲ့တော့ ဒို့ကလဲ နင်လုပ်တာ နေရာမကျဘူးလို့
ပြောလိုက်ရင် စိတ်ဓာတ်ကျသွားမှာစိုးလို့
အင်း အင်း မှတ် မှတ်လို့ ပြောလိုက်ရတယ် ။
သူကတော့ အကောင်းထင်လို့ လာလျှောက်တာလေ
မဟုတ်ဘူးဗျ ရှေ့ကိုအားများလာရင် လက်မောင်းကြော
အရင်တင်းလာတာပဲ ဟုတ်ကဲ့လား ။
ဒါဆို ခန္ဓာကိုယ်ရှေ့ကို ဆိုက်ကျတော့မယ်ဆိုတာ
သတိထားတော့ ။ အဲလိုဖြစ်နေရင် ကိုယ်ကိုယ်တိုင်
ပြင်ဖို့ မလိုပါဘူး ။
သားသမီးတစ်ခုခုဖြစ်ရင် အမေအော်ပြောရသလိုပဲ
ဒို့ကလဲ သတိပြောရမှာထင်တယ် ။
သတိလေးနဲ့သူ့ဘာသာမှတ်လိုက်
သူ့ဘာသာ ထောင်တက်သွားတာ ။
ကိုယ်ကိုယ်တိုင်ပြင်မနေနဲ့ ဘာမှဝင်မရှုပ်နဲ့
သဘောပေါက်ကဲ့လား ။
သတိကိုသာကိုင်လိုက် သတိကသူ့ဘာသာသူ
ပြင်ပေးသွားမယ် မှတ်ရင် မှတ်ရင်းနဲ့ သူ့ဘာသူ
တည့်သွားတာဗျား သဘောပေါက်ကဲ့လား ။
* ဘယ်လက်ကလေးပေါ်ညာလက်ကလေးထပ်ထားပါ
ဘာဖြစ်လို့တုန်းဆိုရင် ဒါယောဂီတို့ကိုယ်တိုင်
အကောင်အထည်ဖော်ရတော့မှာလေ ဖော်လဲဖော်နေပြီ
ထင်တယ် ။အဲဒီမှာ ယောဂီတို့ အခက်အခဲဖြစ်မှာစိုးလို့
ဘုရားကသင်ပေးထားတာ ဟုတ်ကဲ့လား ။
ဒီလိုဖြစ်ရင် ဒီလိုလုပ်လို့ ဒါအခြေခံလေးတွေကအစ
သင်ပေးထားတော့ ဒါလေးတွေလဲသိထားတော့
ယောဂီတို့ ပြင်လို့ကောင်းတာပေါ့ ဟုတ်ကဲ့လား ။
မပင်မပန်း ချမ်းချမ်းသာသာနဲ့ တစ်နာရီအဓိဋ္ဌာန်
အောင်သွားမှာပေါ့ ဟုတ်ကဲ့လား ။
အဲ့တော့ ဒို့ ဘယ်လက်ပေါ်ညာလက်ကလေး
ထပ်ထားရတယ် ။
ဖြစ်နိုင်ရင် လက်ညှိုးနဲ့လက်မလေး ထိပေးထားပါ ။
ရှုကွက်နှာသီးဝမှာ ဒို့စောစောက ဆွေးနွေးခဲ့တဲ့အတိုင်း
ခံစိတ်တွေပေါ်လို့ ဝင်မှန်းမသိ ထွက်မှန်းမသိထိအောင်
ဒို့ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန် မရှိနိုင်ဘူးလား
( ရှိနိုင်ပါတယ်ဘုရား )
စိတ်ကထန်လိုက်ရင် ဒို့ဘဝင်လေက ကြွတက်လာတာကိုးဗျ ။
အဲဒါဆို ရှုရှိုက်ရတာ ပင်ပန်းတယ် ။
တခါတရံကျလဲ ကျစိတ်တွေအားကြီးနေရင်လဲ
ဝင်မှန်းမသိ ထွက်မှန်းမသိ ဖြစ်နေတတ်ပါတယ် ။
ဝီရိယလိုရင်လဲ မသိနိုင်ဘူး ဝီရိယလွန်ရင်လဲ မသိနိုင်ဘူး ။
ယောဂီတို့မှာ တက်စိတ်နဲ့ကျစိတ် မရှိရဘူး ။
ပင်ကိုယ်စိတ်ကလေးနဲ့ သွားနေရမှာ သတိကိုသာ ဒို့က
အားပြုရမှာ ။ မိမိကိုယ်တိုင် ဝင်မရှုပ်နဲ့ ကြားလား ။
အဲလိုလေးများ တက်စိတ်ပေါ်လို့ ရုန်းရင်းကြမ်းတမ်းပြီး
အရှုရခက် အရှိုက်ရခက် ဖြစ်နေတဲ့အချိန်
ီဒီလက်ညှိုးလေး၂ခု ထပ်ထားထိထားတဲ့နေရာလေးကို
အာရုံပြုကြည့်စမ်းပါ ။
ဒီနေရာလေးမှာ သွေးတိုးနှုန်းလေးရှိပါလိမ့်မယ် ။
' ဘောက်ခနဲ ' ' ဘောက်ခနဲ ' လေ ။
အဲဒါဆို ယောဂီတို့က ' ထိတယ် ' ' သိတယ် '
ဒါလေးမှတ်နေရင် ဟိုဟာအနားယူပြီးသား
မဖြစ်နိုင်ဘူးလား ။ တက်စိတ်ကြောင့် ဘဝင်မြင့်နေတာတွေ
ကျမသွားနိုင်ဘူးလား ။ သူမကျမချင်း ဒါလေး ထိတယ်
သိတယ် မှတ်နေရင် ဒါလဲ တစ်မှတ်ပဲ မဟုတ်ဘူးလား ။
အရေးကြီးတာ အမှတ်ရဖို့ လိုရင်းလေ ။
ဒီလိုဆိုတော့ ဒါ ဒို့သက်ကယ်ဘောထင်တယ်ဟေ့ ။
လှေ သင်္ဘောစီးရတဲ့ပုဂ္ဂိုလ်များ သက်ကယ်ဘောလိုလေ ။
ဒို့ နှာသီးဝ ကိုယ့်အလုပ်ကိုယ် လုပ်မရလောက်အောင်
ဖြစ်နေရင် ဒီလက်ညှိုးနဲ့လက်မထိတာလေး
ဒါမှမဟုတ် လက်မ၂ခုထိနေတဲ့နေရာလေးမှာ သေချာကြည့်
သူ့သွေးတိုးနှုန်းလေး ရှိပါလိမ့်မယ် " ဘောက်ခနဲ " လေ
ဒါလေးမှတ်ရင်ကော ဒို့ဖြစ်ပျက် မမြင်နိုင်ဘူးလား ။
( မြင်နိုင်ပါတယ်ဘုရား )
သူ့မှာလဲ ရုပ်နာမ်ဖြစ်ပျက် ရှိတာပဲ ဟုတ်ကဲ့လား ။
ဒါလေးမှတ်ပြီးတော့ မိမိအရှုအရှိုက်ပြင်းလို့
ရုန့်ရင်းကြမ်းတမ်းဖြစ်လို့ ပင်ပန်းနေခဲ့သော် ဒါလေးနဲ့
အပန်းဖြေပေးစမ်းပါ သဘောပေါက်ကဲ့လား ။
တကယ်လို့ ကျစိတ်ပေါ်လို့ နှာသီးဝ ဝင်တာထွက်တာကို
မယ်မယ်ရရမသိဘူး ။ ဘယ်လိုမှကို ဝင်မှန်းမသိ
ထွက်မှန်းမသိ ယောဂီတွေ ပါလာတတ်ပါတယ် ။
အမှတ်ခိုင်းပေမယ့် မောဟအားကြီးနေတဲ့ပုဂ္ဂိုလ်
ဝင်မှန်းထွက်မှန်းကို မသိဘူး ဟုတ်ကဲ့လား ။
ဒါကြောင့် ယောဂီတို့ အသုံးလိုရင်သုံးဖို့အတွက်
လက်မလေး၂ခု ထိစပ်အောင် လုပ်ပေးထားပါ ။
သဘောပေါက်ပြီလား ဒါကမိမိတို့သက်စောင့်လို
သုံးရမှာ ဟုတ်ကဲ့လား ။
#ပြီးတော့ ဒို့ မျက်စိကို မှိတ်ထားပါတဲ့ ။
ဘုရားရှင်နဲ့အရိယာများ သူ့ခေတ်တုန်းကတော့
ဒို့လောက် ကိလေသာမများဘူးဗျ ။
ရှိတဲ့ကိလေသာလဲ ဒို့ ရုပ်ဓာတ် စိတ်ဓာတ်ကြီးတွေက
ဘုရားခေတ်က ၆တောင်ဗျ ။
ဒို့က ဘယ်နှတောင်ကျန်ခဲ့လို့တုန်း ။
အဲ့တော့ ရုပ်ဓာတ် စိတ်ဓာတ်သေးတော့ ကိလေသာရဲ့
မင်းမူတာ ခံရတယ်လေ ။
ဘုရားလက်ထက်ကတော့ ရုပ်ဓာတ် စိတ်ဓာတ်ကြီးလို့
ကိလေသာမင်းမူတာ မခံရဘူး ။
ဒါကြောင့်မို့ သူတို့တုန်းကတော့ မမှိတ်မသုန်
ပြူးပြူးကြီးလဲမဟုတ်ဘူး မှိတ်ထားတာလဲ မဟုတ်ဘူး ။
လက်ဝါးပေါ်မှာ မျက်လုံးလေး မြင်ရုံသာထားတယ် ။
တစ်အာရုံ တစ်ခုလေ ဒါဘုရားလက်ထက်က
ထိုင်ပုံထိုင်နည်း မျက်စိကို ဒို့လို စုံမမှိတ်ပါဘူး ။
သို့သော် ဒို့ခေတ်ကျတော့ ကိလေသာအားကြီးတဲ့အတွက်
မျက်စိကို မှိတ်ပေးထားပါ ။
အဲ့တော့ မျက်စိမှိတ်တာက တရားရအောင် မဟုတ်ပါဘူး ။
အာရုံလုံအောင်လို့ ။အာရုံ၅ပါးကို ဖမ်းတဲ့နေရာမှာ
မျက်စိသည် အားအကောင်းဆုံး ။
နားတို့ နှာခေါင်းတို့ ကျန်တာတွေက သူ့နောက်လိုက်တွေပါ ။
ဒို့ ပဋိသန္ဓေယူလို့မွေးတော့မယ့်အချိန်လဲ ဒီခန္ဓာကိုယ်ရယ်လို့
ဖြစ်လာတော့ မျက်စိအကြည်ဓာတ်က အရင်ပေါ်ရတယ်လို့
စာကဆိုပါတယ် ။ ဒါပြီးမှ နားအကြည်ဓာတ် နှာခေါင်း
လျှာ အဲလိုအဆင့်ဆင့် ဖော်ရတာကိုးကွဲ့ ။
သေမယ့်ပုဂ္ဂိုလ်တစ်ယောက်လဲ သေခါနီး မျက်စိအကြည်ဓာတ်က
အရင်ပျက်ရတာထင်တယ် ။
ဒါကြောင့်မို့ အာရုံဖမ်းတဲ့နေရာမှာ သူသည်အားအကောင်းဆုံး ။
ပြီးတော့ အလုပ်လုပ်တဲ့နေရာလဲ သူသည်အလုပ်အတွင်ကျယ်ဆုံးထင်တယ် ။
အိပ်ယာနိုးကတည်းက ဘယ်သူကအရင်စလုပ်တုန်း
မျက်စိကနော် ။
နားအလုပ် နှာခေါင်းအလုပ် လျှာအလုပ်တွေက
ရှိချင်ရှိမယ် ရှိချင်မှလဲရှိမယ်။
မျက်စိအလုပ်ကတော့ မရှိတဲ့အချိန်ရှိသေးလား ။
( မရှိပါဘုရား )
သူသည်အလုပ်အများဆုံးထင်တယ် ဒါဖြင့် သူသည်
အလုပ်သမားခေါင်းဆောင်ထင်တယ် ။
ဘာဖြစ်လို့တုန်း သူက အကြည်ဓာတ်အားအကောင်းဆုံး
ဖမ်းအားအကောင်းဆုံးမို့ ။
ပြီးတော့ အာရုံဖမ်းတဲ့နေရာမှာလဲ -
မြင်မှလိုချင်တာထင်တယ်ဟဲ့ ။
မြင်မှ စားချင်တာထင်တယ်ဟဲ့ ။
မြင်မှ တွေ့ချင်ထိချင်တာထင်တယ်တဲ့ ။
ဒါဖြင့် မျက်စိက အာရုံ၅ပါးမှာ ၃ပါးလောက်
သူအုပ်စီးထားတယ် ။
အဲ့တော့ အာရုံဖမ်းအားအကောင်းဆုံးဖြစ်တဲ့ မျက်စိကို
မှိတ်ထားလိုက်ရင် ဒို့သတိသည် နှာသီးဝဆို
နှာသီးဝမှာ အားလေးမကောင်းပေဘူးလားဗျာ ။
တကယ်လို့ မျက်စိလဲဖွင့်ထားမယ်ဆို အာရုံပြိုင်နေမှာပေါ့ ။
အဲလိုဆို နှာသီးဝကို သတိအား မကောင်းနိုင်ဘူး
ဟုတ်ကဲ့လားဗျာ ။ ဒါကြောင့်မို့ မျက်စိလေးကိုလုံအောင်
မှိတ်ပေးထားပါလို့ ဆိုလိုတယ်ဗျား ။
* တရားရှာခိုင်းတာ မဟုတ်ဘူး အာရုံလုံအောင်လို့ဆိုတာ
ဒါလေးမှတ်ထားကြစမ်းပါ ဟုတ်ကဲ့လား ။
အဲလိုထိုင်တဲ့အခါ မျက်စိလေးမှိတ်ထားလိုက်မယ် ။
# ဒါက တရားအားထုတ်တဲ့အခါ ထိုင်တဲ့ဟာရဲ့
လေးချက်ထင်တယ် ။
၁ ။ တင်ပလ္လင်ခွေထိုင်ပါ ။
၂ ။ ခါးဖြောင့်ဖြောင့် ခေါင်းတည့်တည့်ထားပါ ။
၃ ။ ဘယ်လက်ပေါ်ညာလက် ထပ်ထားပါ ။
၎ ။ မျက်စိမှတ်ပါ ။
ဒီထိုင်နည်းလေးချက်နဲ့ မျက်စိလေးမှိတ်ပြီး
ခေါင်းအေးအေး စိတ်အထိုင်ကျကျထား
မှတ်ပေးပါ ။
ခေါင်းမအေး စိတ်အထိုင်မကျရင် ဘဝင်လေကမငြိမ်ဘူး
မဝပ်ဘူး ။ ဘဝင်လေ မငြိမ်လို့ ဘဝင်လေမဝပ်လို့
ဘဝင်မြင့်နေတဲ့ယောဂီတစ်ယောက်ဟာ
မျက်ခွံသာပိတ်တယ် မျက်လုံးအောက်မကျဘူး ။
အဲဒီလိုယောဂီက ဘာလာလျှောက်တတ်တုန်းဆိုရင်
#မျက်စိထဲဝါဝါ နီနီ စိမ်းစိမ်းတွေ တွေ့တယ်ဘုရားလို့
လာလျှောက်တတ်တယ် ။ အဲဒါ ဘဝင်မြင့်ရောဂါ
စွဲနေတာဗျ ။ မျက်ခွံသာပိတ်တာ မျက်လုံးက အောက်မကျ
သွားဘူးကိုး မျက်ကြည်ဓာတ်က တည့်တည့်ကြီးကိုး
အဲဒီတော့ မျက်ခွံထွင်းဖောက်ပြီး အလင်းရောင်တွေ
မြင်နေတာ ။ အဲဒါ တရားအစစ်မဟုတ်ဘူးဗျ ။
အဲလိုမြင်ရင် ခင်ဗျားတို့ အဆန်းလုပ်ပြီး လာမလျှောက်ကြနဲ့ဗျ ။
ဒါဖြင့် ခေါင်းအေးအေး စိတ်အထိုင်ကျကျနဲ့
ဒီဘုရားပေးတဲ့ထိုင်နည်းလေးချက်ကို တွဲသုံးပေးပါ
သုံးတတ်ကြပါ့မလား ။
#ဒါအလုပ်ပေးတရားဟောနေတာဗျ
အလုပ်ပေးတရားဆိုတာ အလုပ်လုပ်တဲ့အခါ လုပ်တတ်အောင်
သင်ပေးတာဗျ နားထောင်ကောင်းအောင် ပေးတာမဟုတ်ဘူး ။
ဒီတိုင်းလုပ်မှ ဒီလို့ဖြစ်မှာမို့ ဒီလိုလုပ်မှ ကြာကြာထိုင်နိုင်မှာ ။
တရားအားထုတ်တာ တစ်သက်လုံးကစွဲလာတဲ့
စွဲစိတ်ကို မှတ်စိတ်နဲ့လဲတာရည်ရွယ်ချက်က ဒါပါပဲ ။
မှတ်စိတ်များလို့ မှတ်အားကောင်းလာရင်
မှတ်ဥာဏ်တက်လာပါလိမ့်မယ် ။
ဒါက ဘုရားပေးတဲ့ ထိုင်နည်းပါပဲဗျား ။
* 7 - 3 - 99 တွင်ဟောကြားသောအလုပ်ပေးတရားတော်
အသံဖိုင်မှ ကောက်နုတ်ပူဇော်ပါသည် ။

Comments