⚜️ပုဂံပြည်တွင် ဗုဒ္ဓသာသနာတော်ေ ရာ င်ဝါ
⚜️ထွန်းပေးခဲ့သော
⚜️ရှင်အရဟံ၏ ဘွဲ့တော်ကား အရှင်ဓမ္မဒဿသီ ဖြစ်၏။ သထုံပြည် အရှင်သီလဗုဒ္ဓိမည်သော ရဟန္တာအရှင်မြတ်၏ တပည့်ဖြစ်၏။ ငယ်စဉ်ကပင် စောင့်ရှောက်၍ ရှင်ရဟန်းပြုပေး၏။ ဗေဒင်လေးပုံနှင့် တကွ ပိဋကကျမ်းဂန် တတ်မြောက်၍ ရဟန္တာဖြစ်တော်မူသည်။ ကျော်စောထင်ရှားသဖြင့် သောက္ကတဲမြို့(ယိုးဒယားပြည်ရှိ နွတ်ပုရီမြို့) က ဒကာများပင့်၍ ကြွရောက် သီတင်းသုံးရ၏။ ၁၀-နှစ်ကျော် နေပြီးမှ သထုံသို့ကြွလာ၍ တောရကျောင်းတွင် သီတင်းသုံးတော်မူ၏။
⚜️အချိန်ကား သက္ကရာဇ် ၄၀၆-ခုနှစ် ပုဂံပြည်တွင် အနော်ရထာမင်းကြီး နန်းတက်စကာလဖြစ်၏။ ပုဂံပြည်ကြီးတွင် မင်းအဆက်ဆက် အဓမ္မဝါဒ ဖြန့်ခဲ့သော မဟာယာန အရည်းကြီးများအား မင်းကြီးစိတ်နှင့် မတွေ့၍
ဒွိဟဖြစ်နေချိန်လည်း ဖြစ်သည်။ အရည်းကြီးတို့လည်း ထိုအချက်ကို သိ၍ မင်းကြီး ယုံကြည်စေရန် သရေခေတ္တရာပြည်တွင် သခွတ်ပင်ကြီးကိုထွင်း၍ မဟာယာနကျမ်းစာများ ထည့်သွင်းကာ မြေသရွတ် လိမ်းကျံပြီးလျှင် အပွေးတက်အောင်လုပ်ကြ၏။ ပြီးလျှင် မင်းကြီးနားသို့ကြားလောက်အောင် ကောလာဟလများ ဖန်တီးကြ၏။ သခွတ်ပင်တွင် ကျမ်းစာများရှိကြောင်း အိပ်မက်မက်သည်ဟု အသံလွှင့်ကြသည်။ မင်းကြီးလည်း စစ်တပ်ဖြင့်သွား၍ သခွတ်ပင်ကို ဖေါက်ခွဲကြည့်ရာ အရည်းကြီးတို့သည် အယူအကျင့် မှန်ကန်၍ ဂေါတမဘုရားရှင်၏ တပည့်များဖြစ်ကြောင်း} ကျမ်းများကို တွေ့ရသဖြင့် မယုံသင်္ကာနှင့်ပင် တာဝန်မပျက် ဆက်လက် ကိုးကွယ်နေရသော အချိန်ကာလ ဖြစ်၏။
⚜️အရည်းကြီးများ၏ အင်အားလည်း မသေးချေ။ ခေါင်းဆောင်သုံးကျိပ်၊ ငယ်သား ၆-သောင်း ရှိလေသည်။ သီလဗုဒ္ဓိရဟန္တာ အရှင်မြတ်ကြီးကား ပုဂံပြည်၏ သတင်းများကို ကြားသိတော်မူသဖြင့် ရှင်အရဟံအား အကျိုးအကြောင်း မိန့်တော်မူကာ ပုဂံသို့သွား၍ သာသနာပြုရန် တာဝန်ချလေတော့သည်။ ရှင်အရဟံလည်း သားရေနယ်အခင်းကို ပခုံးတင်၊ သပိတ်ကိုလွယ်လျက် သထုံမှ ထွက်ခွာခဲ့၏။ ပုဂံပြည်အနီး တစ်ခုသော တောတွင် အမောဖြေနေခိုက် မုဆိုးတစ်ယောက်က တွေ့၍ လူရိုင်းဟု ထင်မှတ်သဖြင့် နေပြည်တော်သို့ ခေါ်ဆောင်သွား၏။ အရည်းကြီးများမှာ နက်ပြာရောင် သင်္ကန်းဝတ်၍ ဆံပင်မုတ်ဆိတ်များ ထားကြသဖြင့် ရှင်အရဟံ၏ အသွင်အပြင်ကို မြင်ရသည်မှာ အဆန်းဖြစ်နေသည်။
⚜️ပညာရှိသော အနော်ရထာမင်းကြီးကား ရှင်အရဟံ၏ ဣနြေ္ဒ သိက္ခာ ကို မြင်လိုက်ရုံမျှဖြင့် ဤသူကား လူရိုင်းမဟုတ်၊ တရားရှိသော သူတော်မြတ်ပင် ဖြစ်သည် ဟု ပါရမီဓာတ်ခံကြောင့် အမှန်ကို သိတော်မူ၏။ သင့်မြတ်ရာနေရာကို ကြည့်၍နေလော့ ဟု သဘောကိုစမ်း၍ လျှောက်လျှင် ရှင်အရဟံသည် ရာဇပလ္လင်ပေါ်သို့ တက်၍ နေတော်မူ၏။ ဤသူကား သူတော်သူမြတ် အစစ်တည်း ဟု နေရာယူပုံ ဣနြေ္ဒ သိက္ခာ ကို ကြည့်၍ ပီတိဖြစ်တော်မူ၏။ အောက်ပါအတိုင်းလည်း မေးဖြေတော်မူကြသည်။
👑မင်းကြီး- အရှင်ကား ဘယ်အမျိုးအနွယ်နည်း။ အဘယ်မှ ကြွလာသနည်း။ အဘယ်သူ၏ တရားအဆုံးအမကို ယူ သနည်း။
မထေရ်- ငါ၏အမျိုးအနွယ်ကား ဂုဏ်တော် ၉-ပါးနှင့် ပြည့်စုံတော် မူသော အစိန္တေယျ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ အမျိုးအနွယ် ဖြစ်ပေသည် မင်းကြီး။ ငါ၏ဆရာနှင့် သီတင်းသုံးဖော်များရှိရာ (သထုံပြည်) မှ လာခဲ့၏။ သမ္မာသမ္ဗုဒ ဘုရားရှင် ဟောကြားသော အဆုံးအမကို ခံယူသည်။
👑မင်းကြီး- ထိုတရားကို အကျွန်ုပ်အား ဟောပြတော်မူပါဘိ။
⭐မထေရ်- (သီရိဓမ္မာသောက မင်းကြီးအား နိဂြောဓသာမဏေ ဟောသကဲ့သို့) (ဒါန, သီလ) ဘာဝနာ တရားတို့အား မမေ့မလျော့ရန် အပ္ဗမာဒ သတိတရားကို အကျယ်ဟောတော်မူ၏။
👑မင်းကြီး- "ဘုရားရှင် ယခုဘယ်မှာရှိသနည်း။ တရားတော်ကား မည်မျှများပါသနည်း။ အရှင်မှတစ်ပါး အခြားတပည့်သား သံဃာများရှိပါသေးသလော" ဟု ဝမ်းမြောက်အားရစွာ လျှောက်၏။
⭐မထေရ်- "ဘုရားရှင်ကား ပရိနိဗ္ဗာန် စံတော်မူ၍ ဓာတ်တော်များသာ ရှိတော့သည်။ ပိဋကသုံးပုံ၊ ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀ဝ၀- ရှိပေ၏။ သထုံပြည်တွင် ပိဋကသုံးပုံအစုံသုံးဆယ်ပင် ရှိပေသည်။ ငါမှတစ်ပါး သံဃာလည်း များစွာရှိကြသေးသည်။"
👑မင်းကြီး- "ဝမ်းမြောက်လှပါသည် ဘုရား။ အရှင်မှတစ်ပါး အခြားကိုးကွယ်အားထားရာ မရှိပါ။ ကျွန်ုပ်၏ အသက်ကိုပင် ဆောက်နှင်း လှူဒါန်းပါ၏။ တရားအဆုံးအမ ပေးသည့်အတိုင်း ခံယူပါမည်ဘုရား" ဟု ဝမ်းသာအားရစွာဖြင့် လျှောက်ထား၏ နေပြည်တော် အရှေ့ဘက်အရပ်တွင် ဇေတဝန် မည်သော ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းလေ၏။
(သာသနာဆက် စာတန်းများတွင် ညောင်ဦး ဥယျာဉ် အနောက် ဥခွံမုဋ္ဌော အရှေ့မြောက်ယွန်းတွင် တောရကျောင်း ဆောက်လှူသည်ဟုလည်း မှတ်တမ်းရှိ၏။)
⚜️အေဒီ ၁၂၄၃-ခုနှစ် ရှင်အရဟံ၏ ကျောင်းတိုက်တွင် သံဃာတော် စာသင်သားများနေရန် ကျောင်းပေါင်း နှစ်ဆယ်ရှိသည်ဟု ကျောက်စာပုံ ၁၅၂/၆ တွင် ပါရှိသည်။ မင်းကြီးလည်း ရေကိုထမ်း၊ မိဖုရားကြီးလည်း ဆွမ်းကို ရွက်ကာ နေ့စဉ် သွားရောက် လှူဒါန်းကြသည်။ သာသနာရေးနှင့် စပ်သမျှလည်း လျှောက်ထားမေးမြန်းလေတော့သည်။ အရည်းကြီး ၆-သောင်း ကိုလည်း လူဝတ်လဲကာ အဲမောင်းလှံကိုင် ဆင်ချေး၊ မြင်းချေးကျုံး ထားတော်မူ၏။ အရှင်အရဟံလည်း သာသနာ ကြည်ညိုသူများအား ရဟန်းခံပေးလေသည်။ ထိုခေတ်က သံဃာ သုံးသောင်းကျော် ရှိကြောင်း ဝံသဒီပနီတွင် ဆိုသည်။ မင်းနှင့်ဆရာ တိုင်ပင်၍ သာသနာ အညစ်အကြေးတို့ကို ဆေးကြော သုတ်သင်တော်မူကြ၏။
⚜️အရည်းကြီးတို့လည်း လာဘ်လာဘ ဆုတ်ယုတ် ကုန်သောကြောင့် ရှင်အရဟံအား ရန်ငြိုးဖွဲ့ကြကုန်၏။ မင်းကြီး သိတော်မူ၍ ကျောင်းဝေယျာဝစသ̈ ဆောင်ရွက်ရင်း အရည်းကြီးတို့ရန်ကို ကာကွယ်ရန် အစောင့်လူတစ်ရာ ထားလှူတော်မူ၏။ ရှင်အရဟံကား ထိုလူများအား ရှင်ရဟန်း ပြုပေး၏ ပရိယတ်စာပေများ သင်ကြားပေးလေသည်။ (ရှင်အရဟံ ကြွလာပုံနှင့် စပ်၍ အနည်းငယ် စကားကွဲလွဲချက် ရှိသေး၏။ သာသနာ လင်္ကာရ စာတမ်းတွင် ရှုကြပါကုန်။)
⚜️
⚜️သက္ကရာဇ် ၄၁၉-ခုနှစ် တစ်နေ့သောအခါ ရှင်အရဟံ မထေရ်၏ တိုက်တွန်းချက်အရ ဓာတ်တော် မွေတော်နှင့် ပိဋကများကို ပင့်ဆောင်ရန် စကားချေငံသော အမတ်တို့အား လက်ဆောင် ပဏ္ဏာတို့ဖြင့် သထုံပြည် မနူဟာမင်းထံသို့ စေလွှတ်လိုက်၏။ မနူဟာမင်းက "မိစ္ဆာဒိဋ္ဌိတို့နှင့် တန်ရာသလော!" ဟု ဆိုသဖြင့် ပြန်လာ သံတော်ဦး တင်ကြရာ မင်းကြီး အမျက်ဒေါသ ထွက်သဖြင့် ကြည်း၊ ရေ နှစ်တန် စစ်ခင်း၍ သထုံသို့ စစ်ချီတော် မူလေသည်။ ကျန်စစ်သား စသော သူရဲကောင်းများ ပါသော်လည်း မြို့ကို မစီးနိုင်ဘဲရှိရာ ဝိဇ္ဇာမယိဒ္ဓိ ပယောဂနည်းဖြင့် ဆေးစီရင်၍ မြို့ရိုးတွင် မြှုပ်နှံထားသော ဗျတ်ဝိ၏ ပေါင်, လက်တို့ကို တူးဖော်ပစ်မှ ထိုးဖောက်အောင်နိုင်ကြ လေတော့သည်။
⚜️ပိဋက အစုံသုံးဆယ်နှင့် ဓာတ်တော် မွေတော်များကို ဆင်အစီး သုံးဆယ်နှင့်တင်၍ ပုဂံသို့ပင့်ဆောင်ခဲ့၏။ ပိဋကတ် တတ်ကျွမ်းသော အရိယာ ပုဂ္ဂိုလ်လည်း တစ်ထောင်ပါခဲ့လေသည်။ မနူဟာမင်းနှင့် အတတ်ပညာသည် အချို့လည်း ခေါ်ဆောင်ခဲ့၏။ ထိုပိဋကများသည် နောင်ကာလတွင် သီဟိုဠ်မှ ရရှိသော ပိဋကတို့နှင့် ရှင်အရဟံကိုယ်တိုင် တိုက်ဆိုင်တည်းဖြတ်ရာ မကွဲမလွဲအညီအည̃ွတ်ပင် ရှိသည်ဟူ၏။ (သထုံမှ ပိဋက ရောက်သည့်နှစ်ကို သာသနာလင်္ကာရတွင် သာသနာ ၁၆၀၁၊ ကောဇာ ၄၁၉ ဟု ဆိုသည်။) ထိုအခါမှစစ်မှန် စင်ကြယ်သော သာသနာတော်သည် ပုဂံပြည်ကြီးတွင် ပွားစီးတိုးတက်၍ လာလေတော့၏။ အနော်ရထာမင်းကြီးလည်း အရည်းကြီးတို့၏ မိစ္ဆာအမှောင်တွင်းတွင် နေခဲ့ကြရရှာသော ဘေးလောင်းတော်၊ ဘိုးလောင်းတော် တို့အား သတိရ ကြေကွဲကာ ဝမ်းနည်း ဝမ်းသာဖြင့် " ပါရမီကုသိုလ် ရစေလို" ဟု တ, ဆိုမြည် တမ်းတလေတော့၏။
⭐
⭐ရှင်အရဟံသည် အလောင်းစည်သူ နန်းစံ ၂-နှစ် သက်တော် ၈၁-တွင် ပရိနိဗ္ဗာန် ပြု၏။ မင်းနှင့်ပြည်သူတို့ ၇-ရက်ပတ်လုံး ပူဇော်ပွဲကြီးစွာ ကျင်းပ၍ မီးသဂြိုဟ်ကြ၏။ ဓာတ်တော်များကို ရွှေတလားတွင် ထည့်သွင်း၍ တူရွင်းတောင်ခြေတွင် ဂူတည်ထား ကိုးကွယ်ကြ၏။ ရှင်အရဟံ၏ ပုံကိုလည်း ထုလုပ် ပူဇော်ကြသည်။ (ယခု အာနန္ဒာဘုရားအတွင်းတွင် ရှိ၏။) ယင်းဂူမှာ ပုဂံတည်စ မူလ ၁၉-ရွာ အပါအဝင် တောင်ပရွာ အနောက်မြောက် တာ ၅၀ဝ-အကွာတွင် တည်ရှိသော ထီးဆောင်း ဘုရားပင် ဖြစ်၏။ (ပုခုက္ကူမြို့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးနန္ဒဝံသမဟာထေရ်ရေး- ရွှေစည်းခုံသမိုင်း ကျမ်းသစ်တွင် ပါရှိ၏။ အရှင်အရဟံ၏ ခုနှစ် သက္ကရာဇ်များ ဆက်လက် လေ့လာသင့်သည်။)
🇲🇲️️မြန်မာပြည်သူ ပြည်သား အဆက်ဆက်၏ ကျေးဇူးရှင်၊ ဘုရားရှင်၏ သားတော်ကြီး ရဟန္တာ ရှင်အရဟံ၏ သာသနာပြုလုပ်ငန်းကား မြန်မာပြည် သာသနာဝင်တွင် အမြင့်မားဆုံး ဖြစ်ပေတော့၏။
🇲🇲ကျန်စစ်မင်းနန်းတော် မွန်ကျောက်စာတွင် ၄၆၃-ခုနှစ် နန်းသစ် တက်ပွဲတွင် ရှင်အရဟံ ဦးစီးသော သံဃာ ၄၁၀၈- ပါးတို့ပရိတ်ရွတ်ပုံ တခမ်းတနား ဖော်ပြထားသည်။
✅အလုပ်ပေးတရားများ
မှ
✅ဓမ္မာစရိယ ဦးဌေးလှိုင်ရေးသားသော
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ
စာအုပ်မှ အများ ဗဟုသုတ ပွားများစေရန် ရည်ရွယ်၍ ထုတ်နုတ်ပူဇော်အပ် ပါသည်။
✅နောင်လာ နောင်သားများ ဗဟုသုတ များစေ ရန် Share ပေးကြပါ
Comments
Post a Comment