☆ အာနာပါနကျင့်စဉ်အရာမှာ မြတ်စွာဘုရားက သတိမြဲအောင် ညွှန်ကြား
ထားပါတယ်။ သတိမြဲအောင် ကျင့်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်နှင့် ပတ်သက်
ပြီးတော့
နံပါတ် တစ် ပထမစတုက္ကမှာ ---
နံပါတ် (၁) အရှည်
နံပါတ် (၂) အတို
နံပါတ် (၃) အစအဆုံး အကုန်လုံး
နံပါတ် (၄) ငြိမ်သက်အောင် ငြိမ်းအောင် ကျင့်ပါ ...
ဆိုပြီးတော့ ဒီလိုချမှတ်ပေးထားတယ်။ အဲဒီတော့ အာနာပါနကျင့်စဉ်ကို
အားထုတ်စပုဂ္ဂိုလ်ဟာ ၀င်လေ ထွက်လေ ထိမှုထင်ရှားတဲ့ နှာသီးဖျား
သို့မဟုတ် အထက်နှုတ်ခမ်းဖျား တစ်နေရာမှာ စောင့်ပြီးတော့ ၀င်လေ
ထွက်လေအပေါ်မှာ စိတ်ကို ငြိမ်၀ပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစား
ရပါတယ်။ မတည်ငြိမ်လို့ရှိရင် ဘာလုပ်ရသလဲ? ရေတွက်တဲ့စနစ်ကို
အသုံးပြုရတယ်။ ၀င်လေ ထွက်လေ တစ်၊ ၀င်လေ ထွက်လေ နှစ်၊ စသည်ဖြင့်
ရှစ်အထိပဲ ရေတွက်၊ ရေတွက်လိုက်လို့ တော်တော်လေး စိတ်ကငြိမ်လာပြီ
ဆိုရင် အရှည်ကို သိအောင် ကြိုးစားကြည့်၊ အတိုကို သိအောင် ကြိုးစား
ကြည့်။ အရှည်ဆိုတာက အချိန်ကြာကြာ ဖြစ်တယ်၊ အတိုဆိုတာက အချိန်
ခပ်တိုတို ဖြစ်တယ်၊ အသက်ရှူနှေးတာကို ရှည်တယ်၊ အသက်ရှူမြန်တာကို
တိုတယ်လို့ ပြောတယ်နော်။ ရှည်အောင် တိုအောင် မကြိုးစားဘဲနဲ့ အဲဒီ
အရှည်အတိုမှာပဲ စိတ်ကို ခိုင်မြဲနေအောင် ကြိုးစားရတယ်။
☆ တစ်နာရီ နှစ်နာရီ စသည်ဖြင့် အရှည်အတိုမှာ စိတ်က ခိုင်ခံ့လာပြီ
ဆိုလို့ရှိရင်တော့ အစ အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်
ရှုရတယ်။ ရှည်ချင်လည်း ရှည်ပါစေ၊ တိုချင်လည်း တိုပါစေ၊ အစ အဆုံး
အကုန်လုံး ထင်ထင်ရှားရှား သိပြီဆိုတဲ့ အချိန်အခါကျတော့မှ ထိုသူတော်
ကောင်းက ရှေ့တစ်ဆင့်တက်ပြီး ဘာလုပ်ရသလဲ? အဲဒီ စတယ် ဆုံးတယ်
ဆိုတာက နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းမှာပဲ စတယ် ဆုံးတယ်နော်။
အထဲကို လိုက်ကြည့်စရာလည်း မလိုဘူး၊ အပြင်ကိုလည်း လိုက်ကြည့်ဖို့ မလို
ဘူး၊ အဲဒီ အစ အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိပြီဆိုရင် တစ်နာရီ
နှစ်နာရီလောက်လည်း စိတ်က ငြိမ်၀ပ်စွာ ကပ်ပြီး တည်ပြီဆိုလို့ရှိရင်
ထိုပုဂ္ဂိုလ်က ဒီလေကလေး သိမ်မွေ့စေရမည်ဆိုတဲ့ ဦးတည်ချက်ဖြင့် ရှည်ချင်
လည်း ရှည်ပါစေ၊ တိုချင်လည်း တိုပါစေ၊ အစ အဆုံး အကုန်လုံး ထင်ထင်
ရှားရှား သိအောင်သာ ဆက်ရှုနေပါ။
☆ လေကလေး တဖြည်းဖြည်း သိမ်မွေ့လာမယ်။ တစ်နာရီ နှစ်နာရီ
စသည်ဖြင့် လေက သိမ်မွေ့လာပြီဆိုရင် ထိုချိန်အခါမှာ နိမိတ်ပေါ်တတ်
ပါတယ်။ မီးခိုးရောင်လိုလည်း စပေါ်ချင် ပေါ်တတ်ပါတယ်၊ အဖြူရောင်
လိုလည်း စပေါ်ချင် ပေါ်တတ်ပါတယ်။ ပေါ်စမှာ နိမိတ်တွေက များသော
အာဖြင့် မခိုင်ခံ့တဲ့သဘောရှိခြင်းကြောင့် နိမိတ်ကို မကြည့်သေးဘဲ ပကတိ
လေကိုသာ ကြည့်နေပါက နောက်တော့ တဖြည်းဖြည်း လေပေါ်မှာ စိတ်က
ကပ်သွားတတ်တယ်။ လေနှင့် နိမိတ်နဲ့လည်း တစ်သားတည်း ဖြစ်လာလိမ့်
မည်။ တစ်သားတည်း ဖြစ်လာပြီဆိုလို့ရှိရင်တော့ ထိုလေနှင့် နိမိတ်နဲ့
တစ်သားတည်းဖြစ်တဲ့ အချိန်အခါမှာ ဒီနိမိတ်ကိုပဲ ဆက်ပြီး စိုက်ကြည့်
နေရတယ်။
☆ ပကတိလေကို အာရုံမယူတော့ဘဲနဲ့ နိမိတ်ကို စိုက်ပြီး ကြည့်လိုက်တဲ့
အခါ တဖြည်းဖြည်း နိမိတ်တွေ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူလာမယ်။ ဖြူရာကနေ
တဖြည်းဖြည်း ကြည်လင်ပြီး တောက်ပလာပါလိမ့်မည်။ ပုံသဏ္ဌာန်ကတော့
အမျိုးမျိုး ရှိပါလိမ့်မည်။ ယောဂီတို့ရဲ့ ဘာ၀နာသညာရဲ့ ကွဲပြားမှုအပေါ်
အခြေတည်ပြီးတော့ နိမိတ်ပုံသဏ္ဌာန်ကလေးတွေကတော့ အမျိုးမျိုး
ပြောင်းလဲတတ်တယ်။ အရောင်လည်း ပြောင်းလဲတတ်ပါတယ်၊ ထိုအချိန်
အခါမှာ ယောဂီက အရောင်ကိုလည်း နှလုံးမသွင်းရဘူး၊ ပုံသဏ္ဌာန်ကိုလည်း
နှလုံးမသွင်းရဘူး၊ ၀င်လေထွက်လေ ဆိုတာကို နှလုံးသွင်းပြီးတော့ နောက်ဆုံး
နိမိတ်ပေါ်တဲ့အခါ အဲဒီနိမိတ်ထဲကို စိတ်ကလေး ငြိမ်ပြီး ကပ်နေအောင်
ကြိုးစားရပါတယ်။
☆ နိမိတ်ကလည်း ကြည်လင်တောက်ပလာပြီ, ထိုကြည်လင်တောက်ပ
လာတဲ့ နိမိတ်မှာလည်း တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာ၀နာစိတ်က
ငြိမ်၀ပ်စွာကပ်ပြီး တည်နေပြီဆိုလို့ရှိရင်တော့ ထိုအချိန်အခါမှာ ပထမစျာန်
ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ဒီစျာန်တွေကို ကူးလို့ရပါတယ်။
အဲဒီစျာန်တွေကို ရရှိတဲ့ သူတော်ကောင်းက စတုတ္ထစျာန်လောက်အထိ
ရောက်ပြီဆိုလို့ရှိရင် လင်းရောင်ခြည်ရဲ့ စွမ်းအင်က ပြိုးပြိုးပြက် တလက်
လက် တောက်ပနေတဲ့အတွက် ထိုဉာဏ်ရောင်ရဲ့ အကူအညီဖြင့် ထိုအချိန်
အခါမှာ (၃၂)ကောဋ္ဌာသကို ကူးလိုက်ရင် လွယ်နေပြီ။
¤ ဖားအောက်တောရဆရာတော်ဘုရားကြီး¤
Buddhavasa Tiloka

Comments
Post a Comment